Friday, May 4, 2012

ဂလိုဘယ်လိုက်ဇေးရှင်း နှင့် နှလုံးသား နိုင်ငံရေး

အမေရိကန်လက္ခဏာဆရာ ကပြောတယ်...
မင်းနှလုံးသား ဆန်ရှင်လုပ်ခံထားရတယ်တဲ့...
နိုင်ငံခြားသားနဲ့အိမ်ထောင်ပြုရင် တော့ ကြီးပွားမယ်...
ခြေနှစ်ချောင်း မကယ်ကောင်းဘူး...

ဘယ်လိုပဲဆိုဆို...
ငယ်ချစ်ဟောင်းကွန်မြူနစ်လေးကိုတော့...
တစ်ခါတစ်ခါ လွမ်းမိတယ်...
တစ်ခါတစ်ခါတော့လည်း...
နောက်အိမ်ထောင်ပြုသွားတဲ့ ဆိုရှယ်လစ်ချစ်သူနဲ့...
လမ်းမှာဆုံရင် ပြုံးပြမိတယ်...

အိမ်နီးချင်းတွေကတော့ အားပေးတယ်...
ချီတက်တဲ့...
သူတို့လည်း မကြာမကြာလာမယ်...
အနောက်အိမ်ကလည်း တစ်ခါတစ်ခါတော့...
လှမ်းလှမ်းဆဲကြတယ်...

အသဲကွဲခဲ့တာ နှစ် ၂၀ ကျော်လောက်ကြာနေတော့လည်း...
တစ်ခါတစ်ခါ ဗုံးကွဲရင် 

ရင်တွေ ဘာတွေ ခုန်နေရတုန်း...
တစ်ခါတစ်ခါ ငြိမ်းချမ်းရေးဆိုတဲ့အသံကြားရင်...
သံတိုင်တွေကိုပြေးမြင်တယ်...

ဆင်စွယ်နန်းပေါ်က ကောင်မလေးလား...
အပျိုကြီးလား မသိရပေမယ့်...
ခိုးခိုကြည့်မိနေတဲ့ တစ်ယောက်တော့ရှိတယ်...
သူများတွေပြောပြောနေတာတော့ 

ကြား,ကြား နေရတယ်...
နည်းနည်းတော့ မေတ္တာထားရတော့မလို...

အဲဒီ(ခိုးခိုးကြည့်နေရတဲ့)  တစ်ယောက်ကို...
သူ့" အမေ" ဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်က...
နည်းနည်းရိုက်နှက်ဆုံးမ နေသံတော့ကြားတယ်...

ယက္ခ၊ ဂုဏ် မာန်တွေကြားက 

အဲဒီကောင်မလေး...
နည်းနည်းတော့ ကြောက်မိတယ်...
သူက တစ်ခါတစ်ခါ 

ဘဘကြီးကိုကြောက်ရသေးတယ်...တဲ့

အဲကောင်မလေး နာမည်...
ဟိုနေ့က သိလိုက်ရတယ်...
ဘာတဲ့...ဒီမိုကရေစီ..ဆိုလား...
သဲသဲကွဲကွဲတော့ မဟုတ်သေးဘူး...
ခုန်နေကျ ရင်က မရပ်နိုင်ဘူး....

မြတ်ကျော်သူ
၂၃.ဒီဇင်ဘာ.၂၀၁၁
၅:၄၄ မိနစ်(ညနေ)



2 comments:

  1. ကိုမြတ်သူကျော်ရေ ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ နှလုံးသားနိုင်ငံရေး ကဗျာလေးကို
    ပီပြင်စွာရင်ခုန်သွားပါတယ်နော် ဘဘကြီးကို ကြောက်တဲ့ ကောင်မလေး ကတော့ အပျိုဖြန်းလေးမို့  အိမ်တွင်းမှာ ရှက်သွေးဖြာနေသတဲ့ လေ
    အဲဒီအပျိုဖြန်းလေး အပျိုကြီးဖားဖားဖြစ်လာတဲ့ အချိန် ကျွန်တော်တို့ တတွေမှ လူ့ လောကမှ ရှိပါတော့အုံးမလား
    အစာရေစာ တရက်စာကိုကျားကုတ်ကျားခဲ ကုန်းရုံးရှာဖွေနေတဲ့ ကျွန်တော်တို့ ရွာမှာ အပျိုဖြန်းလေးက ကြီးထွားနှုန်းအရမ်းနှေးကွေးလွန်းတယ်လေ .....
    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  2. ခုရက်ပိုင်းအတွင်းမှ သတင်းတစ်ခုကြားရတယ်ဗျ...အဲဒီကောင်မလေးမှာ ရောဂါတစ်ခုရှိတယ်တဲ့...
    အသက်မကြီးတဲ့ရောဂါ...တဲ့..
    ဒီအသက်အရွယ်အတိုင်းပဲဖြစ်နေတယ်တဲ့...
    ကြာပြီတဲ့...(Just Kidding)
    ကျေးဇူး...
    မိုးသူ

    ReplyDelete